မြစ်ကြီးနား Ngwipyaw Sanpya အစိုးရ စစ်ရှောင်ရွာတွင် သင်္ချိုင်းမြေ သတ်မှတ်ရန် လိုအပ်

Ngwipyaw Sanpya စစ်ရှောင်ရွာတွင် မြေနေရာ မရှိလို့ ရွာအနီး အခုလို သင်္ချိုင်းပြုလုပ်နေရတယ်

ကချင် စစ်ရှောင်မိသားစုများကို အစိုးရမှ ပြန်လည် နေရာချပေးသော မြစ်ကြီးနားမြို့ မြောက်ဘက် Nhkai Bum တောင်ခြေရှိ Ngwipyaw စံပြကျေးရွာတွင် သင်္ချိုင်းမြေ နေရာမရှိသောကြောင့် လူသေဆုံးလျှင် အခက်အခဲကြုံတွေ့နေရသည်။

ရွာသင်္ချိုင်းမြေ သတ်မှတ်ပေးရန် အစိုးရအား အကူအညီ တောင်းလျှောက်ထားသော်လည်း ရွာတည်ထောင်ချိန်မှ စတင်ပြီး ယနေ့အထိ အရေးယူဆောင်ရွက် မရှိကြောင်း Ngwipyaw Sanpya (ငွေပျော်စံပြ) ကျေးရွာနေ ဦး Nhkum Yaw Han က ကချင်သတင်းဌာန KNG ကို ပြောပါသည်။

“ကျနော်တို့ ငွေပျော် စံပြ ကျေးရွာမှာက လူသေမှာကိုတောင် ကြောက်နေပါတယ်။ သင်္ချိုင်းနဲ့ ပတ်သက်လို့လဲ အစိုးရကို အကူအညီ တောင်ပြီးပြီ။ ဘာမှ အရေးယူပေးတာ မတွေ့ရပါဘူး၊ သွားပြီး အစိုးရကို သွားပြောရင်လဲ သူတို့က အမြဲတမ်းကူညီမယ် လို့ဘဲ ပြောတယ်။ မကူညီနိုင်ဘူး ဆိုတာတော့ မပြောပါဘူး။ ဒါပေမယ် အခုထိ မလုပ်ပေးတာဘဲ ရှိတယ်။”

ဒေသခံများသည် လူသေမှု ဖြစ်ပွားလျှင် အဘယ်မှ မလုပ်ဆောင်တတ် သောကြောင့် ရွာမှ ကိုက် (၂၀)အကွာ တွင်သာ သွားရောက် မြုပ်နှံ ထားကြရကြောင်း ပြောသည်။

“ခုသွား မြုပ်ထားတဲ့ နေရာမှာက မြေကြီးကို အရမ်းလဲ တူးလိုက်လို့ မရဘူး၊ နည်းနည်းတူး လိုက်တာနဲ့ ရေ ထွက်လာပြီ။ ကျွန်တော်တို့က တူးလိုက် ရေထွက်လာရင် ရေကို ပြန်ခပ် ထုတ်လိုက်နဲ့ဘဲ အလောင်းကို မြုပ်ထား ရတယ်” ဟု ဦး Yaw Han ပြောပါသည်။

ငွေပျော် စံပြကျေးရွာ သည် ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် တည်ထားပေးသည့် စစ်ရှောင်ရွာ ဖြစ်ပြီး ယခု အချိန်တွင် စစ်ရှောင်မိသားစု ၃၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော် နေထိုင်ကြပြီ ဖြစ်သည်။



KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest