နေရပ်ပြန် အင်ဂျန်ယန် စစ်ရှောင် ၄၀၀ အတွက် စားနပ်ရိက္ခာအကူညီ လိုအပ်

မြစ်ကြီးနား တန်ဖရဲ ကက်သလစ် ဘုရားကျောင်းမှာ ခိုလှုံနေတဲ့ အင်ဂျန်းယန် စစ်ရှောင်များ
Share

ကလေးများ ကျောင်းတက်နိုင်ရန် ဇွန်လ လယ်မှစတင်ပြီး မြစ်ကြီးနား Tang Hpre စစ်ရှောင်စခန်းမှ နေရပ်ပြန်သွားသော N’Jang Yang ဒေသခံ ၄၀၀ ခန့်သည် ယခုချိန် စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရကြောင်း ပြောပါသည်။

N’Jang Yang (အင်ဂျန်းယန်) မြို့နယ် N’Greng Kawng နှင့် N’Lawk Yang စစ်ရှောင်ရွာသားများသည် ၁ လ စာ ရိက္ခာဖြင့်သာ ပြန်သွားခဲ့သည့်အတွက် ယခုချိန် အကူညီ ပြန်လည် လိုအပ်လာခြင်း ဖြစ်သည်ဟု မြစ်ကြီးနား ဂရုဏာ လူမှုကူညီရေးအသင်း KMSS က ဆိုသည်။

“သူတို့ပြန်သွားချိန် သူတို့အတွက် တစ်လစာ စားနပ်ရိက္ခာ တော့ပေးလိုက်တယ်။ ဒါပေမယ့်အခုအချိန် ကုန်ပြီလို့ပြောလာတော့ ကျမတို့အနေနဲ့က တစ်ပတ်အတွင်း ဆန် နှင့် အခြားအစားအသောက်တွေ ကို သွားပို့ပေးမယ်လို့ တိုင်ပင်ထားတယ်” ဟု မြစ်ကြီးနား ကက်သလစ်အသင်းတော် ဒုက္ခသည် အကူညီ ပေးရေး အဖွဲ့ Karuna Mission Social Solidarity မှ တာဝန်ရှိသူ တစ်ဦး ဒေါ် Seng Nu က ပြောသည်။

N’Jang Yang မြို့နယ်တွင် တပ်မတော် နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း (၄) တို့ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်သဖြင့် ဒေသခံများမှ ၀မ်းစာအတွက် တောတောင်ထဲ ရှာဖွေ စားသောက်ရန် ခက်ခဲနေခြင်း ဖြစ်သည်။

“အဲ့ဒီမြို့မှာ တိုက်ပွဲမဖြစ်ပေမယ့် အနီးတစ်ဝိုက်မှာ တိုက်ပွဲ ဖြစ်တဲ့အတွက် သေနတ်ကျည်ဆံ ကြောက်ရတယ်။ စားဝတ်နေရေး အဆင်မပြေတာက တောင်ယာ စိုက်ခင်း လုပ်လို့လည်း မရ။ ပိုဆိုးတာက လမ်းပန်းဆက်သွက်ရေး အရမ်းခက်ခဲတယ်” ဟု N’Jang Yang စစ်ရှောင် ၁၀၀၀ ခန့် ခိုလှုံနေသည့် မြစ်ကြီးနား Tang Hpre (တန်ဖရဲ) ကတ်သလစ်ဘုရားကျောင်းမှ ဘုန်းတော်ကြီး ဆရာ Sut Awng ပြောပြသည်။

ဧပြီလဆန်းမှ စတင်ဖြစ်ပွားလာသော တိုက်ပွဲများကြောင့် N’Jang Yang မြို့နယ်ရှိ ဒေသခံပြည်သူ ၂၀၀၀ ခန့် သည် ယခုချိန်ထိ မြစ်ကြီးနား Tang Hpre ကတ်သလစ်ဘုရားကျောင်းနှင့် ပလန ရပ်ကွက် Trinity နှစ်ခြင်း ဘုရားကျောင်း များတွင် ခိုလှုံလျှက်ရှိကာ N’Jang Yang မြို့တွင်းလည်း အချို့ ရှိနေဆဲ ဖြစ်ပါသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE