KIO နှင့် တပ်မတော် တရုတ်နယ်စပ်တွင် တွေ့ဆုံ

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဇွန်လ လိုင်ဇာမြို့အစည်းဝေး တခုမှ ထွက်လာစဉ်
Share

ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် တပ်မတော် ကြား အပစ်အခတ် ရပ်စဲရေးကိစ္စ မြန်မာ-တရုတ်နယ်စပ်တွင် ယမန်နေ့ သြဂုတ် (၂)ရက်နေ့မှ စတင်ဆွေးနွေးနေကြောင်း သတင်းများထွက်လာသည်။

KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သော အဖွဲ့ နှင့် ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ဦးဆောင်သော တပ်မတော်ကိုယ်စားလှယ် အဖွဲ့ ကြား တရုတ်နယ်စပ်မြို့ Dali တွင် တွေ့ဆုံကြသည်ဟု ဆိုပါသည်။

တရုတ်အစိုးရ ကြားဝင်ကူညီပေးမှုဖြင့် အထက်က နှစ်ဖက် တပ်ဖွဲ့ကိုယ်စားလှယ်များ Dali တွင် ဖေဖော်ဝါရီ (၁)ရက်နေ့ကလည်း တွေ့ဆုံခဲ့သည်။ ယခု ဒုတိယအကြိမ် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွပ်လပ်ရေးတပ်မတော် (KIO/KIA) ထိပ်ပိုင်း အရာရှိများ လိုင်ဇာမှ ထွက်ခွာသွားကြောင်းကို မြင်ခဲ့ရသည်ဟု လိုင်ဇာမြို့ခံများ ကချင်သတင်းဌာန KNG မှ မေးမြန်းသိရသည်။

သို့သော်လည်း ယခု အစည်းအဝေး နှင့် နေရာ ကို အတည် မပြုနိုင်သေးပါ။ ထို့အပြင် KIO နှင့် တပ်မတော် မီဒီယာများတွင်လည်း သတင်းဖော်ပြခြင်း မရှိသေးပါ။

အစိုးရ ငြိမ်းချမ်းရေးကော်မရှင် (MPC) အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့် KIO ခေါင်းဆောင် ဗိုလ်ချုပ် အင်ဘန်လ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တို့သည် ဇူလိုင် (၂၀)ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အလွတ်သဘော တွေ့ဆုံခဲ့စဉ် နှစ်ဖက် တပ်ချင်း တွေ့ဆုံဆွေးရေးကိစ္စ သဘောတူခဲ့ကြသည်။

ကချင်ပြည်နယ်တွင် စစ်ရှိန်လျှော့ချနိုင်ရန်အတွက် အပစ်ရပ်စာချုပ်သစ် မလိုဘဲ ယခင် စစ်အစိုးရ (န၀တ) နှင့် ချုပ်ဆိုခဲ့သော ၁၉၉၄ အပစ်ရပ် စာချုပ် လမ်းကြောင်းအတိုင်း တပ်မတော်နှင့်ညှိနှိုင်းသွားမည်ဖြစ်ကြောင်းကို KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်ဘ က ဇွန်လ (၂၅) မိုင်ဂျာယန် KIO ပါတီဝင် အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည်။