နိုင်ငံဂုဏ်ဆောင် ကချင် စစ်ရှောင် ကရာတေးအဖွဲ့ ကို မြစ်ကြီးနားတွင် ဂုဏ်ပြု

စက်တင်ဘာ ၁၂၊ ၂၀၁၈ ကချင်စစ်ဘေးရှောင် ကရာတေး အဖွဲ့ ဂုဏ်ပြု ဆုတောင်းပွဲ၊ နော်ကွင်း၊ မြစ်ကြီးနားမြို့

စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှ (၁၀)နိုင်ငံ ဖိတ်ခေါ်ပြိုင်ပွဲ KYOKUSHIN ကရာတေးပြိုင်ပွဲတွင် ဆုများစွာ ဆွတ်ခူးရရှိခဲ့ကြသည့် နိုင်ငံဂုဏ်ဆောင် ကချင် ကရာတေး အဖွဲ့အား ယနေ့ မြစ်ကြီးနားမြို့ မနောကွင်းတွင် ကချင်လူထု ကြိုဆိုသည့် ကျေးဇူးတော် ချီးမွမ်း ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကရာတေး အဖွဲ့မှ ရွှေတံဆိပ် ၄ခု၊ ငွေတံဆိပ် ၂ခု၊ ကြေးတံဆိပ် ၃ခု ရရှိခဲ့ကြပြီး စုစုပေါင်းဆုတံဆိပ် ၉ ဆု ဆွတ်ခူးခဲ့ကြသည်။ ယင်းပြိုင်ပွဲတွင် သွားရောက် ယှဉ်ပြိုင်ခဲ့ကြသည့် မြန်မာနိုင်ငံ ကိုယ်စားပြု ကစားသမား ၁၈ ဦးအနက် ၁၅ ဦးမှာ ကချင်ပြည်နယ်က ဖြစ်ကြသည်။

ကချင်ပြည်နယ် ကစားသမား ၁၅ ဦးတွင် စစ်ရှောင်စခန်းက ကလေး ၂ ဦး ပါဝင်ပြီး သူတို့သည်လည်း ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့ကြသည်။

Kachin-IDF-karate-team-honored-in-Myitkyina.jpg

စက်တင်ဘာလ ၈ ရက်နေ့က ယှဉ်ပြိုင်ခဲ့ကြသည့် ၎င်းပြိုင်ပွဲတွင် မြန်မာနိုင်ငံအပါအဝင် အိမ်ရှင် စင်ကာပူ၊ မလေးရှား၊ တရုတ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ တို့မှ ကစားသမား စုစုပေါင်း ၂၀၀ ကျော် ဝင်ရောက်ယှဉ်ပြိင်ခဲ့ကြခြင်း ဖြစ်သည်။

လာမည့် ၂၀၁၉ ဧပြီလ ဂျပန်နိုင်ငံတွင် ကျင်းပမည့် နိုင်ငံတကာ KYOKUSHIN ကရာတေး ဖိတ်ခေါ်ပြိုင်ပွဲ တွင်လည်း သွားရောက် ယှဉ်ပြိုင်သွားအုံးမည် ဖြစ်ကြောင်း ကချင်ပြည်နယ် KYOKUSHIN ကရာတေး ခေါင်းဆောင် ဦး Brang Awng (ဘရန်အောင်) ကပြောသည်။

KNG BURMESE WEBSITEKNG KACHIN WEBSITE
  • Popular

  • Latest